ရေအားလျှပ်စစ်နှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး

  • ဤကမ္ဘာတွင် မှီတင်းနေထိုင်ကြကုန်သော လူသားတိုသည် ရေနှင့်ကင်းကွာ၍ ရပ်တည်ခြင်းငှာ မစွမ်းနိုင်ကြပါ။ ရေသည် လူသားတို့၏ အသက်ရှင်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး စသည့်ကိစ္စတို့တွင် မရှိမဖြစ်လိုအပ်သည့် အဖိုးတန်သယံဇာတတစ်မျိုးပင်ဖြစ်ပါ၏။
  • မြန်မာတို့၏ ရှေးထုံးအစဉ်လာ စကားတစ်ခုမှာ ထမင်းအသက် ခုနှစ်ရက်၊ ရေအသက် တစ်မနက် ဖြစ်ပါသည်။ အစားအသောက်မစားဘဲ ခုနှစ်ရက် အသက်ရှင်နေထိုင်နိုင်သော်လည်း ရေမသောက်ဘဲ တစ်မနက်ခင်းနေရမည်ဆိုပါက ကြီးစွာ ဒုက္ခရောက်ကြောင်း ဖော်ညွှန်းထားသည့် စာပိုဒ်လေး ဖြစ်ပါသည်။
  • နိုင်ငံတစ်ခု၏ အရေးကြီးသည့် အခြေခံသယံဇာတမှာ ရေနှင့်မြေပင် ဖြစ်ပါသည်။ ကမ္ဘပေါ်တွင် မြန်မာနိုင်ငံသည် အခြေခံသယံဇာတဖြစ်သည့် ရေနှင့်မြေတို့ ပေါကြွယ်ဝသည့် နိုင်ငံဖြစ်နေခြင်းမှာ ကံကောင်းခြင်းတစ်ရပ်ဟု ဆိုရပါမည်။ ရေခံမြေခံကောင်းရှိသော မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးကို အခြေခံပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ဆောင်ရွက်လျက် ရှိသည်။
  • တိုးတက်နေသည့် နိုင်ငံများတွင် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို ရေသယံဇာတမှ ထုတ်ယူကြသည်။ လျှပ်စစ်ဓာတ်အားထုတ်ယူ သုံးစွဲနိုင်မှုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက် အကျိုးပြုလျက် ရှိပါသည်။
  • စက်မှုထွန်းကားသည့် နိုင်ငံကြီးများတွင် လျှပ်စစ်ဓာတ်အားကို ရေသယံဇာတမှ ထုတ်ယူကြသည့်အပြင် အခြားနည်းလမ်းနှစ်ခုဖြင့်လည်း လျှပ်စစ်ဓာတ်အားကို စက်ရုံများတည်ဆောက်၍ ထုတ်ယူသုံးစွဲကြလေဘသည်။ ယင်းတို့မှာ-

(၁) အပူသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ (THERMAL POWER STATION)
(၂) နျူကလီးယားသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ (NUCLEAR POWER STATION)

  • မြန်မာနိုင်ငံ၌ ရေသယံဇာတသည် ရာသီဥတုမရွေးရရှိနိုင်သည့် အခြေခံပစ္စည်း ဖြစ်သည်။ ရေသယံဇာတကို အချိန်အခါမရွေးသုံးစွဲနိုင်အောင် စနစ်တကျ သိုလှောင်ထိန်းသိမ်းထားနိုင်ပါက လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ကောင်းစွာ ဆောင်ရွက်နိုင်ပေသည်။
  • “ရေအားလျှပ်စစ်ထုတ်လုပ်ခြင်း အခြေခံမှာ အမြင့်နေရာ၌ရှိသော ရေ၏ စွမ်းအားကို ရေတာဘိုင် (WATER TARBINE)နှင့် လျှပ်စစ်ထုတ်စက် (GENERATOR)အသုံးပြုပြီး လျှပ်စစ်စွမ်းအား (ELECTRIC POWER)ထုတ်လုပ်ခြင်းပင် ဖြစ်သည်။”
  • ထုတ်ယူရရှိနိုင်သည့် လျှပ်စစ်စွမ်းအားကို အခြေခံအားဖြင့် (Kilo Watt)ဖြင့် ဖော်ပြကြသည်။ စက်ရုံကြီးမှ ထုတ်လုပ်မှုကို မဂ္ဂါဝပ် (MEGA WATT)ဖြင့် ဖော်ပြ၏။ လျှပ်စစ်ပါဝါ (ELECTRIC POWER)သည် ရေအမြင့်မီတာ (HIGHMETER)နှင့် ရေထုဖြတ်နှုန်း (METER2SEC)ပေါ် မူတည်သည်။ ရေတာဘိုင်၏ စွမ်းရည် (EFFICIENCY)နှင့် လျှပ်စစ်စက်၏ စွမ်းရည်တို့ကို မြှောက်ခြင်းဖြင့် ထုတ်ယူရရှိ နိုင်သည့် လျှပ်စစ်စွမ်းအားကို ရရှိနိုင်ပေသည်။


  • ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစီမံကိန်းတစ်ခု ရေးဆွဲရာတွင် အောက်ပါ (၁၂)ချက်ကို မှီငြမ်းစဉ်းစားကြ၏။ အခြားအရေးကြီးအချက်များကိုလည်း ထပ်မံထည့်သွင်း စဉ်းစားရ၏ –

(၁) ရေစီးအနေအထား
(၂) နေရာ၊ ဒေသ၊ ဘူမိဗေဒအချက်အလက်များ
(၃) စွမ်းအားတောင်းဆိုချက်နှင့် ထုတ်ပေးနိုင်မှု
(၄) ဆောက်လုပ်ရန် ကုန်ကျမည့်စရိတ်
(၅) ထုတ်လုပ်မှုစရိတ်နှင့် အမြတ်
(၆) မြစ်တစ်ခုလုံး၏ ဖွံ့ဖြိုးမှု
(၇) ရေအားလျှပ်စစ်နှင့် အပူသုံးလျှပ်စစ်တို့ ပေါင်းစပ်ထုတ်လုပ်ပေးရေး
(၈) ရှိရင်းစွဲ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် အနာဂတ်လျှပ်စစ်ဓာတ်အားပေးစက်ရုံများ ဆက်စပ်မှု
(၉) မြေနေရာအတွက် လျော်ကြေး
(၁၀) ပြီးဆုံးသည်အထိ ဆောက်လုပ်ချိန်
(၁၁) လိုအပ်သည့် ပို့လွှတ်လှိုင်း (TRANSMISSION LINE)နှင့် လျှပ်စစ်စက်ရုံခွဲများ (SUB STATIONS)
(၁၂) စက်ရုံပစ္စည်း ကိရိယာများကို သယ်ယူပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေး

  • မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်မှစ၍ ရေအားလျှပ်စစ်ဓာတ်အားထုတ်စက်ရုံများ တည်ဆောက်၍ အသုံးပြုခဲ့ကြသည်။ စက်ရုံများမှာ (၆)ခုရှိပြီး စက်ရုံငယ်အဆင့်ရှိကြသည်။ ယင်းတို့မှာ-

(၁) မိုးကုတ်မြို့နှင့် ကျောက်တွင်းများကို လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံ
(၂) နမ္မတူသတ္တုတွင်းသို့ လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံ
(၃) နမ့်ဆန်လဖက်ခြောက်စက်ရုံသို့ လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံ
(၄) ပြင်ဦးလွင် ခေါ် မေမြို့သို့ လျှပ်စစ်ဓာတ်အားပေးသည့် ၀က်ဝံဓာတ်အားပေးစက်ရုံ
(၅) မော်ချီးသတ္တုတွင်းသို့ လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံ
(၆) ထားဝယ်မြို့ ဟိန္ဒားသတ္တုတွင်းသို့ လျှပ်စစ်ဓာတ်အားပေးသည့် စက်ရုံ

  • ဒုတိယကမ္ဘာစစ်ပြီးနောက် ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့၏။ ၁၉၅၂ ခုနှစ်တွင် ပြည်ထောင်စုအစိုးရသည် ရေအားလျှပ်စစ်စီမံကိန်း ပြုလုပ်ရန် နေရာသုံးခု ရွေးချယ်ခဲ့၏။ ယင်းတို့မှာ –

(၁) ဆိုင်ဒင်ရေအားလျှပ်စစ်စီမံကိန်း
(၂) ပဲခူးချောင်းရေအားလျှပ်စစ်စီမံကိန်း
(၃) ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်း တို့ ဖြစ်ပါသည်။

  • ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းမှလွဲ၍ ကျန်စီမံကိန်းနှစ်ခုမှာ အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိပါ။
  • ၁၉၅၂ ခုနှစ်တွင် လောပိတရေအားလျှပ်စစ်စက်ရုံ အမှတ်(၂)ကို စတင်တည်ဆောက်ခဲ့သည်။ ၁၉၆၀ ပြည့်နှစ် ဧပြီ ၁ ရက်နေ့တွင် တရားဝင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့သည်။
  • ၁၉၆၀ ပြည့်နှစ် ဧပြီ ၁ ရက်နေ့တွင် ဖွင့်လှစ်နိုင်ခဲ့သည့် လောပိတ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံသည် ၂၀၁၀ ပြည့်နှစ် ဧပြီ ၁ ရက်နေ့တွင် နှစ်(၅၀)ပြည့် ရွှေရတုအောင်ပွဲ ဆင်နွှဲခွင့်ရရှိ တော့မည်ဖြစ်သည်။
  • နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် ရေအားလျှပ်စစ်ထုတ်လုပ်မှုလုပ်ငန်းသည် လွန်စွာ အရေးပါသည့် အခန်းကဏ္ဍတွင် ရှိနေသည်။ လျှပ်စစ်စွမ်းအားပြည့်စုံမှု၊ လုံလောက်မှုရှိမှသာ တိုင်းနှင့် ပြည်နယ် အသီးသီးတွင် တည်ထောင်ထားသည့် စက်မှုဇုန်ကြီးများ၏ လုပ်ငန်းများ တိုးတက်ကြီးပွားနိုင်ပေ မည်။
  • စက်မှုဇုန်ကြီးများရှိ လုပ်ငန်းများအပြင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ၌လည်း လျှပ်စစ် ကဏ္ဍမှာ အရေးပါလှသည်။ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ကျောင်းကြီးများရှိ ဓာတ်ခွဲခန်းများ၊ ကွန်ပျူတာခန်းမများ၌လည်း လျှပ်စစ်စွမ်းအင် လိုအပ်၏။
  • ဆေးရုံများ၊ ဌာနဆိုင်ရာရုံးကြီးများ၊ ဆက်သွယ်ရေးစခန်းများမှာလည်း လျှပ်စစ်စွမ်းအားပေါ် မူတည်၍ လုပ်ငန်းဆောင်ရွက်နေကြရသည်။ မြစ်ရေတင်စီမံကိန်းများ၌ လျှပ်စစ်စွမ်းအင်ကို အသုံးပြုပြီး လယ်ယာမြေ ဧကပေါင်း လေးသိန်းကျော်ကို အကျိုးပြုနိုင်ခဲ့၏။
  • ကျေးလက် မြို့ရွာ အိမ်တိုင်းလိုလိုတွင် ရုပ်မြင်သံကြားစက်၊ ဗီဒီယိုပြစက်များအတွက် မရှိမဖြစ် လိုအပ်သည့်အရာမှာ လျှပ်စစ်ဓာတ်အားပင် ဖြစ်သည်။
  • စားဝတ်နေရေးကို အထောက်အကူပြုသည့် ရေခဲသေတ္တာ၊ ပန်ကာ၊ လေအေးစက်တို့တွင် လည်းကောင်း၊ စာရေးစာဖတ်၊ ပျော်ပွဲရွှင်ပွဲစသည်တို့၌လည်းကောင်း လျှပ်စစ်စွမ်းအင် အလင်းဓာတ် အသုံးပြုမှသာ အဆင်ပြေချောမွေ့မည်ဖြစ်ပေသည်။
  • တစ်နေ့တခြား လူဦးရေတိုးတက်များပြားလာသည့် ကျွန်ုပ်တို့နိုင်ငံတွင် ဖော်ပြပါ စက်မှုလက်မှု လုပ်ငန်းများ၊ ရုံးများ၊ စက်မှုဇုန်များ၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ မြစ်ရေတင်စီမံကိန်းများ၊ မိသားစု နေ့စဉ်အသုံးပြု လျှပ်စစ်စွမ်းအင်များကို တွက်ဆကြည့်မည်ဆိုပါက ကြောက်ခမန်းလိလိ လျှပ်စစ်မီတာ ကိန်းဂဏန်းများကို တွေ့မြင်ရပေမည်။
  • လျှပ်စစ်ဓာတ်အား စွမ်းအင် သုံးစွဲမှုမှာ ၁၀ နှစ်အတွင်းမှာပင် အဆပေါင်းများစွာ မြင့်မား တိုးတက်ခဲ့၏။ ပြည်သူလူထုနှင့် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်သော လျှပ်စစ် စွမ်းအင်ကို ရေအားမှ ထုတ်ယူရရှိနိုင်ရန် နိုင်ငံတော်အစိုးရသည် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ခဲ့ လေသည်။
  • ၁၉၆၀ ပြည့်နှစ်က ဖွင့်လှစ်ခဲ့သည့် လောပိတရေအားလျှပ်စစ်ထုတ်ယူမှုကိုလည်း တိုးတက် အောင်၊ ခိုင်မြဲအောင်၊ ထိန်းသိမ်းစောင့်ရှောက်ခဲ့၏။ ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်း၊ ရွှေလီရေအား လျှပ်စစ်စီမံကိန်း စသည်ဖြင့် ရေအားလျှပ်စစ်စီမံကိန်းများစွာကို နေ့မအား၊ ညမနား တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိနေသည်မှာ နိုင်ငံတော် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူ လူထုအပေါ်ထားရှိသည့် အစိုးရ၏ စေတနာပြယုဂ်တစ်ခုပင်ဖြစ်သည်။
  • မကြာမီ ပြီးစီးတော့မည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်းကြီးသည် မြန်မာနိုင်ငံတွင် အကြီးမားဆုံး သော ရေအားလျှပ်စစ်စီမံကိန်းကြီးဖြစ်ပါသည်။ ရဲရွာရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားများကို မဟာဓာတ်အားလိုင်းများနှင့်ချိတ်ဆက်၍ နိုင်ငံအတွင်း လိုအပ်သည့်နေရာများကို ပို့လွှတ်တော့မည်ဖြစ်ပါသည်။
  • နိုင်ငံတော်အစိုးရသည် နိုင်ငံတော်နှင့် ပြည်သူများအတွက် ရှေးယခင်ကထက် အဆပေါင်း များစွာ ကြီးမားသည့် ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံများကို တည်ဆောက်အသုံးပြုလျက်ရှိသည်။ တည်ဆောက်ဆဲ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများ၊ တည်ဆောက်ရန် စီစဉ်လျာထားသည့် ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကြီးများစွာတို့ ရှိနေကြပါသည်။ နောင်အနာဂတ် နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် လျှပ်စစ်စွမ်းအင်များ ဖြည့်ဆည်းပေးနိုင်တော့မည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

(၂၈.၁၁.၂၀၀၈ ရက်နေ့ထုတ် မြန့်မာ့အလင်း သတင်းစာပါ ဆောင်းပါးရှင် အောင်ရန်နိုင်၏ “ရေအားလျှပ်စစ်နှင့် နိုင်ငံတော်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး” ဆောင်းပါး ဖြစ်ပါသည်။)

Comments are closed.

%d bloggers like this: