ပုပ္ပါး မီးငြိမ်းတောင် ဒေသ တစ်ဝိုက်၌ သဘာဝ ပိုဇိုလန်များ အမြောက်အမြား ထွက်ရှိ

(ရန်ကုန် ဒီဇင်ဘာ ၂၅၊ ၂၀၀၈)

  • စကားဝါပန်းများ ပွင့်လန်းရာမြေ ပုပ္ပားတောင်ခြေဒေသသို့ မိမိတို့ရောက်ရှိချိန်က နာရီပြန် တစ်ချက် နေမွန်းတိမ်းခဲ့လေပြီ။ နေပြည်တော်မှ ထွက်ခွာစချိန်ကမူ နံနက်(၆)နာရီ နေထွက်စပြုချိန်ခါ ဖြစ်သည်။
ကြည်နူးဖွယ်ရာ
  • ဟေမန္တဆောင်းရာသီ နံနက်ခင်း၏ အေးမြမြမြောက်ပြန်လေကို တ၀ကြီးရှူရှိုက်ရင်း သာယာ လှပသော ကျေးလက်၏ သဘာဝရှုမျှော်ခင်းတို့ကို မြင်ရသည်မှာ သက်ငြိမ်ပန်းချီကားတစ်ချပ်ကို ကြည့်ရသည့်နှယ် ကြည်နူးဖွယ်ရာ ကောင်းလှပါဘိ။
  • စက်ရုံ၊ အလုပ်ရုံများကလည်း မြို့တိုင်း၊ ရွာတိုင်းတွင် မီးခိုးတလူလူဖြင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်ပိုင် စက်ရုံ ၆၂၄ ရုံနှင့် ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ ၃၅၀၀၀ ရှိခဲ့ရာမှ ယခုပါဆိုလျှင် နိုင်ငံတော်ပိုင် စက်ရုံ ၇၉၃ ရုံနှင့် ပုဂ္ဂလိကစက်ရုံ အလုပ်ရုံ ၁၁၃၀၀၀ အထိ တိုးတက်လာပြီဖြစ်ကြောင်းသိရသည်။
  • ပုပ္ပါးဒေသသို့ ရောက်တုန်းရောက်ခိုက် အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးဦးစီးဌာန၏ သဘာဝပိုဇိုလန်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက် လေ့လာခွင့် ရခဲ့သည်မှာ ခရီးစဉ်အတွင်းများစွာ ကျေနပ်ဖွယ်ကောင်းလှပေသည်။
  • သဘာဝပိုဇိုလန်၏ အကြောင်းကို ဂဃနဏမသိသေးသော ကျွန်တော့်အဖို့မူ ဗဟုသုတ အသိပညာ ရတနာတစ်ပါး တိုးပွားခဲ့ရသည်။
ချော်ပြာ
  • သဘာဝပိုဇိုလန်ဆိုသည်ကား မီးတောင်ပေါက်ကွဲရာမှ ထွက်ရှိလာသော ချော်ပြာများပင် ဖြစ်သည်။ မီးတောင်ပေါက်ကွဲစဉ်အတွင်းပိုင်းမှ ချော်ရည်ပူများ၊ ပြာများ တိုးထွက်လာကြရာမှ အပြင် လေနှင့် ထိတွေ့သောအခါ အပူချိန်လျော့ကာ အေးခဲသွားကြသည်။ မီးတောင်ဖွဲ့စည်းမှု ပုံစံကို လိုက်၍ အေးခဲချိန် အနှေး၊ အမြန် ကွာခြားမှုရှိတတ်ခြင်းသည် ချော်ခဲများ၊ ပြာများ၏ ဖွဲ့စည်းပုံနှင့် အမှုန် အရွယ်အစားကို အကျိုးသက်ရောက်မှု ရှိစေသည်။ အေးခဲချိန်မြန်လျှင် ပုံဆောင်ခဲ ဖွဲ့စည်းချိန် မရသဖြင့် အမှုန်အရွယ်အစား သေးစေသည်။ ချော်များ၊ ပြာများတွင် ပါဝင်သော ပုံမဲ့ Silica နှင့် Alumina တို့သည် ကောင်းစွာ နုညက်သော အခြေအနေတွင် ထုံး၊ ရေတို့နှင့် ပေါင်းစပ်ပါက ဓါတ်ပြုနိုင်စွမ်းရှိပြီး လူလုပ် ဘိလပ်မြေနှင့်ဆင်တူသော အာနိသင်မျိုးဖြစ်ပေါ်လာသည်။

အစွဲပြုခေါ်ဝေါ်

  • ပိုဇိုလန် (Pozzolan)ဟူသော အမည်ကို ခေါ်ဝေါ်သုံးစွဲခဲ့မှု၏ သမိုင်းခြေရာကို ပြန်ကောက် ရပါလျှင် အေဒီ ၇၉ တွင် အီတလီနိုင်ငံရှိ ဗီဆူးဗီးယပ်စ်မီးတောင် (Mt. Vesuvius)ပေါက်ကွဲရာမှ ထွက်ပေါ် လာသော ပြာများ ကျရောက်ခဲ့ရာ Pozzuoli မြို့ကို အစွဲပြု၍ ခေါ်ဝေါ်သုံးစွဲ နေကြခြင်းပင်။

ခေါ်ဝေါ်သုံးစွဲ

  • သဘာဝမှရရှိသော မီးတောင်ပြာများကို သဘာဝပိုဇိုလန်အဖြစ်လည်ကောင်း၊ အခြား Pozzolanic Reaction ဖြစ်တတ်သော ကျောက်မီးသွေးပြာ အစရှိသည်တို့ကိုလည်း Pozzolanic Material အဖြစ် လည်းကောင်း ခေါ်ဝေါ်သုံးစွဲကြကြောင်း သိရသည်။

ခိုင်ခံ့

  • လူလုပ်ဘိလပ်မြေမပေါ်ပေါက်မီ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် ဂရိလူမျိုးများသည် သဘာဝပိုဇိုလန်၊ ထုံးနှင့် ရေတို့ကို ရောစပ်၍ ရရှိလာသော သဘာဝဘိလပ်မြေကို သုံးစွဲခဲ့ကြကြောင်း သိရ သည်။ လူလုပ်ဘိလပ်မြေ မပေါ်ပေါက်မီ ကာလတစ်လျှောက်က သဘာဝပိုဇိုလန်နှင့် ထုံးကို ရောစပ် အသုံးပြုကာ တည်ဆောက်ခဲ့သည့် ရောမခေတ် အဆောက်အအုံအချို့မှာ ယနေ့အထိ ခိုင်ခံ့နေဆဲ ဖြစ်ကြောင်း တွေ့ရသည်။

အသုံးပြုလာ

  • လူလုပ်ဘိလပ်မြေ (Portland Cement) စတင်တီထွင်ခဲ့ပြီးနောက်ပိုင်းတွင် သဘာဝ ပိုဇိုလန်ထက် ပိုမိုတွင်ကျယ်စွာ ထုတ်လါပ်နိုင်ခြင်း၊ လိုအပ်သော Strength ကို ပိုမိုလျင်မြန်စွာ ရရှိခြင်း စသည့် အားသာချက်များကြောင့် လူလုပ် ဘိလပ်မြေကိုသာ အဓိက အစားထိုး သုံးစွဲလာခဲ့ကြသည်။ သဘာဝပိုဇိုလန်ကိုမူ ကွန်ကရစ်လုပ်ငန်းကြီးများတွင် ဘိလပ်မြေနှင့် ရေပေါင်းစပ် ဓာတ်ပြုရာမှ ထွက်သော အပူချိန်ကို လျှော့ချရန်၊ ကွန်ကရစ်၏ Sulfate ဒဏ်ခံနိုင်ရည်မြင့်မားလာစေရန်စသည့် ရည်ရွယ်ချက် များဖြင့် တွင်ကျယ်စွာ ထည့်သွင်းအသုံးပြုလာကြသည်။
  • မြန်မာနိုင်ငံ ဒေသအချို့ရှိ မီးတောင်ဟောင်းများသည် သဘာဝပိုဇိုလန်ထုတ်လုပ်နိုင်သော အရင်းအမြစ်များဖြစ်ကြသည်။ လွန်ခဲ့သည့် ဘီစီ ၄၄၂ တွင် နောက်ဆုံး ပေါက်ကွဲခဲ့သည်ဟု မှတ်တမ်းရှိခဲ့သော ပုပ္ပားမီးငြိမ်းတောင် ဒေသတစ်ဝိုက်နှင့် နောက်ဆုံးပေါက်ကွဲချိန် မှတ်တမ်းမရှိသော ချင်းတွင်းမြစ်ဝှမ်း အောက်ပိုင်းဒေသမှ မီးတောင်ဒေသအုပ်စုတို့မှာ သဘာဝပိုဇိုလန်ထုတ်ယူရန် အလားအလာကောင်းသော ဒေသများဖြစ်ကြသည်။

အစားထိုး

  • ပုပ္ပား မီးငြိမ်းတောင် ဒေသတစ်ဝိုက်ရှိ သဘာဝပိုဇိုလန်သည် အရည်အသွေးမီ မြင့်မားကြောင်း စမ်းသပ်တွေ့ရှိရ၍ ရဲရွာရေအားလျှပ်စစ်စီမံကိန်း၌ တည်ဆောက်လျက်ရှိသည့် Roller Compacted Concerete Dam တွင် ဘိလပ်မြေလိုအပ်ချက်၏ ၆၆ ရာခိုင်နှုန်းအထိ အစားထိုး သုံးစွဲလျက်ရှိကြောင်း သိရသည်။

ရည်ရွယ်ချက်

  • အဓိက ရည်ရွယ်ချက်မှာ ကွန်ကရစ်လုပ်ငန်းများတွင် သဘာဝပိုဇိုလန် ထည့်သွင်းအသုံးပြု ခြင်းဖြင့် အပူချိန်လျော့ကျကာ အက်ကြောင်းများ ဖြစ်ပေါ်မှုကို တားဆီးစေရန်ဖြစ်သည်။ (ကွန်ကရစ် လုပ်ငန်းများတွင် အပူထွက်မှု နည်းစေခြင်းဖြင့် ဆံခြည်မျှင် အက်ကြောင်းများ မပေါ်ရန် ဖြစ်သည်။)
  • ပညာရှင်အချို့က “မီးတောင်ဟောင်းရှိသော ဒေသများ၌သာ သဘာဝပိုဇိုလန်ကို ထုတ်ယူအသုံးပြုနိုင်သဖြင့် ရွှေထက်ပင် ရှားကြောင်း”ဟု သုံးသပ်တင်စားပြောဆိုခဲ့ရာ ကိုယ့်တိုင်း၊ ကိုယ့်ပြည်၊ ကိုယ့်ဌာနီ၏ သဘာဝသယံဇာတ အရင်းအမြစ်များ ပေါကြွယ်ဝမှု တစ်ခုတည်းနှင့်ပင် မြန်မာလူမျိုးများ ဂုဏ်ယူဝံ့ကြွားနိုင်လောက်ပေသည်။

(၂၆.၁၂.၂၀၀၈ ရက်နေ့ထုတ် မြန့်မာ့အလင်း သတင်းစာပါ သတင်းဆောင်းပါး – မောင်မောင်ထွေး (သတင်းစဉ်)၏ “ပုပ္ပါး မီးငြိမ်းတောင် ဒေသ တစ်ဝိုက်၌ သဘာဝ ပိုဇိုလန်များ အမြောက်အမြား ထွက်ရှိ” ဆောင်းပါး ဖြစ်ပါသည်။)

Comments are closed.

%d bloggers like this: